ကျောက်ဖြူ မေ ၂၉
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမ များနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား စာရင်းမှန်ရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီးလူအေးက တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပညာရေးဌာနမှ ဆရာ၊ဆရာမများ အနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မိမိတို့၏ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပျက်စီးသွားသည့်စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များနှင့် အဆောက်အဦစာရင်းများကို မှန်ကန်တိကျမှုရှိစေရန် တစ်ရွာချင်း၊တစ်ကျောင်းချင်း စနစ်တကျစိစစ်ပြီး တင်ပြရမည်ဖြစ်ကြောင်း၊ အမိုးလန် ပျက်စီးသွားသည့် စာသင်ကျောင်းများကိုလည်း အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဖွင့်ရက်မတိုင်မီ အမြန်ဆုံးကြိုးစား ဆောင်ရွက်ကြစေလိုပါကြောင်း၊ သာသနိက အဆောက်အအုံများကိုလည်း ဆရာဒကာများပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကဦးဆောင်ကာ ညီညီညွတ်ညွတ်ဖြင့် အမြန်ပြီးစီးရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပျက်စီးသွားသည့် အဆောက်အဦစာရင်းများကို စာရင်းဇယားများတိကျမှန်ကန်စွာရရှိရန် ဆောက်လုပ်ရေးဌာနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တွက်ချက်မှုအတည်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဆရာ/ဆရာမများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် ပျက်စီးမှုအခြေအနေများကို တင်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး