လွိုင်လင် မေ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက လေ့ကျင့်ရေး မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းဝင်ရောက်နေရာယူ ကြသည်။ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်အားကစားအသင်းများက နိုင်ငံတော်အလံအား အလေးပြုပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အားအလေးပြုကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ ပေးရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစား သစ္စာအဓိဌာန် ရွတ်ဆိုပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်၍ အထက(၃)လွိုင်လင်မြို့ ဘင်ခရာတပ်ဖွဲ့၊ ပင်လုံမြို့ Fitness Dance အဖွဲ့များက သရုပ်ပြဖျော်ဖြေကြသည်။ သရုပ်ပြဖျော်ဖြေခဲ့ကြသည့် အ.ထ.က (၃)ဘင်ခရာတပ်ဖွဲ့ကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်ကလည်းကောင်း၊ ပင်လုံမြို့ Fitness Dance အဖွဲ့ကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌကလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။ ဆက်လက်၍ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ပင်လုံမြို့အသင်းနှင့် နမ့်စန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲသို့ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်နှင့် ပင်လုံမြို့အသင်း၊ စုစုပေါင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်