သံတွဲ မေ ၂၉
လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကနဦးလိုအပ်ချက် စာရင်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် ဆန်းစစ်ဖေါ်ထုတ်ရေး ကွင်းဆင်းစာရင်းကောက်အဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် အင်အားပြင်း “မိုခါ” မုန်တိုင်း တိုက်ခတ်မှုကြောင့် သံတွဲခရိုင်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် ပညာရေး၊ ကျန်းမာရေး၊ သာသနိကအဆောက်အအုံများ၊ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ လူနေအိမ်များ၊ လမ်းတံတား၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီးဆိုင်ရာကိစ္စရပ်များအတွက် စာရင်းကောက်ယူ၍ စာရင်းဇယားများနှင့် တန်ဖိုးတွက်ချက်မှုဆိုင်ရာများ တိကျမှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်း၍ အလေးထားဆောင်ရွက်ကြရန်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် သံတွဲခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်လှိုင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာရင်းဇယားများနှင့် တန်ဖိုးတွက်ချက်မှုများ စာရင်းကွဲလွဲမှုမဖြစ်ပေါ်စေရေးနှင့်စနစ်တကျ အမြန်ဆုံးပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)