မိုင်းဖြတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ သောင်သုံးရေ ရရှိရေးလုပ်ငန်းကို စျေးတန်းကွက်သစ်ရပ်ကွက်၌ သြဂုတ်လ ၂၁ရက်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများသည် ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်၍ သောက်သုံးရေများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့် ကစ၍ စတင်ဖြန့်ဝေပေးနေ ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း ထံမှ သိရသည်။
ထိုသို့သောက်သုံးရေများ ဖြန့်ဝေပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းရွှေတို့က ရေဘားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေးကော်မတီ ဝင်များက ရေကန်တည်ဆောင်ထားရှိမှု၊ ရေများဖြန့်ဝေပေးနေမှုများကို ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် အိမ်ခြေပေါင်း ၉၀ခန့်ကို သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အထေွထွေပိုလျှံငွေ (GRF)ဖြင့် တင်ဒါ အောင်မြင်ခဲ့သော တော်ဝင်မိုင်းဖြတ်နဂါးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး အလျား၃၆ ပေ၊ အနံ၂၅ပေ၊ အမြင့်၈ပေ၆လက်မရှိ ဂါလံ၄၅၀၀၀ဆံ ရေစုကန်တည်ဆောက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၂၃.၄၁ ကျပ်သန်း၊ ပိုက်နှင့်ပိုက်ဆက် ပစ္စည်း ဝယ်ယူခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၈၈.၀၀ကျပ်သန်း၊ ရေပိုက် သွယ်တန်းခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၇၁.၁ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သောက်သုံးရေများ စတင်ဖြန့်ဝေပေးရာတွင် “ဒီနေ့မှာတော့အိမ်ခြေ ကိုးဆယ်လောက်ကို ဖြန့်ဝေပေးတာပါ၊ အိမ်ခြေ ၅၀၀ခန့်လောက်ကို ဖြန့်ဝေပေးဖို့ဆောင်ရွက်ထားပါတယ်၊ ဖြန့်ဝေရာမှာလဲ သောက်သုံးရေများ အလေအလွင့်မဖြစ်ပေါ် စေဖို့အတွက် ရေမီတာများတပ်ဆင်ပြီး ဖြန့်ဝေ ပေးသွား မှာဖြစ်ပါတယ်လို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းထံက သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)