ကျောက်တန်းမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ကျောက်တန်း မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင်ကျောက်တန်းမြို့ ၊မြို့မ အခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့်စီမံအဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်တန်းမြို့နယ် အခြေခံကျောင်းများမှ ကျောင်းအုပ်ဆရာဆရာမကြီးများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာ၀န်ရှိများ၊ ကျောင်းသားကျောင်းသူလေးများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  မြို့နယ် အုပ်ချုပ်ရေးမှူးဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရင်းအမြစ်အနက် အခြေခံပညာမှ မွေးထုတ်ရသော မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် အရေးပါလှကြောင်း၊ မြင့်မားသော အဆောက်အဦးများ တည်ဆောက်သောအခါ အခြေခံအုတ်မြစ်သည် အရေးကြီးသကဲ့သို့ ပညာရေးဌာန၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံပညာရေးသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် ဘက်စုံပညာရေးကဏ္ဍကိုလည်း မြှင့်တင်ပေးရမှာဖြစ်ကြောင်း စသည်တို့ကို ပြောကြားပြီး ကျောက်တန်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးက ဆက်လက်အမှာစကားပြောကြားရာတွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးစေဖို့  ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိသတ်မှတ်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ မှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ပညာရေးသည် စနစ်သစ်ဖြစ်ရာ သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများမှာလည်း သင်ကြားရေးအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်တန်းမြို့နယ်အတွင်းရှိ အလှူရှင်များမှ လှူဒါန်းထား ဗလာစာအုပ်များ၊ ပေတံ၊ ခဲတံ၊ ခဲဖျက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ ပေးအပ် လှူဒါန်းခဲ့ပြီး ကျောင်းသူလေးများမှ ပြည်မြန်မာသီချင်းဖြင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ကျောက်တန်း(ပြန်/ဆက်)