ကျောက်ဖြူ မေ ၂၉
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ကျောက်ဖြူမြို့မှ ဒေသခံပြည်သူများအား စေတီယျရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုရာတွင် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများက စေတီယျရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာ ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ် (၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေရောဂါ ကုသမှုဆရာဝန် ဗိုလ်ကြီး ကျော်စံဝင်းနှင့် သူနာပြုများပါဝင်သည့်အဖွဲ့မှ မိုခါမုန်တိုင်းလေပြင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအား ဆေးကုသမှုအခက်အခဲမရှိစေရန်အတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုလာရောက်ခံယူနေကြသည့် ပြည်သူများကို အားပေးစကားများပြောကြားကာ လူတစ်ယောက်လျှင်(၇)ရက်စာ အမယ်(၅)မျိုးပါရှိသည့် ဆန်ရိက္ခာထုတ် နှင့် နေပြည်တော် သောက်ရေသန့် တစ်ကဒ်စီ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား မေလ ၁၈ ရက်နေ့က ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက်တွင် လည်းကောင်း၊ မေလ ၁၉ ရက်နေ့က ပြင်ဖြူမော်ရပ်ကွက်တွင် လည်းကောင်း၊ မေလ ၂၃ ရက်နေ့က ကုလာဘာတောင်ရပ်ကွက်တွင် လည်းကောင်း၊ မေလ ၂၉ ရက်နေ့တွင် စေတီယျရပ်ကွက်၌ လည်းကောင်း အခမဲ့ကျန်းမာရေး စောင့် ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)