မိုင်းယု မေ ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်-၁၉ရောဂါနှင့် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူး၊ နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နှာခေါင်းစည်းမတပ်ဘဲသွားလာကြသည့် ကုန်တင်ယာဉ်နှင့် လိုင်းကားမောင်းနှင်သူများ၊ ဈေးရောင်း၊ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး၍ အသိပညာပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးရာတွင် လက်ရှိအိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက်ဖြစ်ပွားခဲ့သည့် ဗီဇပြောင်းပိုးအိုမီခရွန်မျိုးကွဲများထက် ကူးစက်မှု (၁.၂၇)ဆအထိ ပိုမိုမြန်ဆန်ပြီး ရောဂါလက္ခဏာပြင်းထန်မှုမရှိသော်လည်း သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများမှာ ကူးစက်မှုနှုန်းပိုမိုမြင့်မားနိုင်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာစေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း မပျက်မကွက်ထိုးနှံကြရေးတို့ကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်