ပူတာအိုမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီတွင် သစ်မျိုးပျိုးပင်ပေါင်း ငါးသောင်းကျော် စိုက်ပျိုးသွားမည်

ပူတာအို မေ ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုး ဉယျာဉ်တွင် သစ်မျိုးရှစ်မျိုးဖြင့် သစ်ပျိုးပင်ပေါင်း ငါးသောင်းကျော် ပျိုးထောင်ထားရှိပြီး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ လူထုများထံသို့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့နယ်သစ်တောဦးစီးဌာနအနေနဲ့ ၂၀၂၃ ခုနှစ် မိုးရာသီကာလမှာ စိုက်ပျိုးသွားဖို့ သစ်မျိုးရှစ်မျိုးနဲ့ ပျိုးပင်ပေါင်း ငါးသောင်းကျော် ပျိုးထောင်ထားရှိပြီးဖြစ်ပါတယ်။ ဒါတွေကို မိုးရာသီကာလမှာ စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီပျိုးထောင် ထားရှိတဲ့ သစ်ပျိုးပင်များကို ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်များ၊ ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့ များနဲ့ ပြည်သူလူထုထံ ဖြန့်ဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်က ပြောသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ လူထုထံဖြန့်ဝေ နိုင်ရန်အတွက် ပျိုးထောင်ထားရှိသည့် သစ်မျိုးများမှ သစ်အယ်(၅၀၀၀)၊ ရေပိတုန်း(၅၀၀၀)၊ မန်ဂျန်ရှား(၂၀၀၀)၊ တောင်တမာ(၄၀၀)၊ လောက်ယား(၄၀၀၀)၊ ကြေးလံ(၁၀၀၀)၊ ယမနေ(၁၀၀၀)၊ ပျဉ်းကတိုး(၁၀၀၀) စုစုပေါင်း သစ်ပျိုးပင်(၁၉၄၀၀)ပင်နှင့် ဒေသခံအစု အဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းအတွက် ပျိုးပင်ပေါင်း (၂၄၇၅၀)ပင်တို့ကို ဖြန့်ဝေနိင်ရန်လျာထား ဆောင်ရွက်လျက် ရှိပြီး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မေ(၃၁)ရက်နေ့တွင် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းတွင် သစ်ပျိုးပင်ပေါင်း(၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်ကို အောင်မြင်ကြံ့ခိုင်သန်စွမ်းသော ပျိုးပင်များကို စိုက်ပျိုးချိန်အမီဖြန့်ဝေပေးရန်၊ အရည်အသွေး ကောင်းမွန်သော ပျိုးပင်များကို ရရှိစေရန်၊ ကျေးလက်နေပြည်သူများ၏ အိမ်ယာထူထောင်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန်သစ်၊ တိုင်၊ မျှော၊ ထင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေလာစေရန်နှင့် ပြည်သူများ သစ်တောသစ်ပင်များ အားချစ်ခင်တန်ဖိုးထားသည့် အသိစိတ်များရှင်သန်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)