သုံးခွ မေ ၂၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းသား/သူလေးများက ကျောင်းအပ်နှံရေး ရက်သတ္တပတ် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဦးယောဟန်က ကျောင်းအပ်နှံရေးနေ့ အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ဩဝါဒစကားပြောကြားရာတွင် ယခုလိုကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွေကို ဆောင်ရွက်ကြတယ်ဆိုတာ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြဖို့နဲ့ ကျောင်းတက်ဦးရေတိုးတက်ဖို့ရန် အတန်းကူးပြောင်းမှုနှုန်း မြင့်မားဖို့အတွက် ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်အနေနဲ့ တစ်မျိုးသားလုံးပညာရည်မြင့်တင်မှုကို မူဝါဒများ၊ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြပါကြောင်း၊ ကျန်းမာကြံ့ခိုင်၍ ပညာတတ်မြောက်သော လူ့စွမ်းအားအရင်းအမြစ်များရရှိလာအောင် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပံ့ပိုးပေးလျက်ရှိပါကြောင်းစသည့်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁)ဗိုလ်မှူးလင်းမောင်သက်မှ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနှင့်ပညာသင်ကြားနိုင်ရေးအတွက် ဆရာ/ဆရာမများက ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းသား/သူလေးများ အေးချမ်းစွာပညာသင်ယူနိုင်ရေးနှင့် ဘေးကင်းလုံခြုံစေရေးအတွက် ဆရာ/ဆရာမများအနေဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက် ပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းစန်းဌေးက ကျောင်းနေအရွယ်ကလေးကျောင်းနေရေး လုပ်ငန်းအစီအစဉ်နှင့်ပက်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြောကြားရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတတ်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ဖြည့်ဆည်းပေးရမှာဖြစ်ပါကြောင်း၊ ကျောင်းနေရွယ်ကလေးသူငယ်တိုင်း အခြေခံပညာကို လက်လှမ်းမီ သင်ယူခွင့်ရရှိစေရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ကျောင်းမဖွင့်မီ ရက်သတ္တပတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်နှံနှုန်းမြင့်မားလာစေဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူမှုမဆုံးရှုံးစေရေးအတွက် ပညာသင်ထောက်ပံ့ကြေးအဖြစ် အထက်တန်းကျောင်းသား/သူ ၁၆ ဦးအတွက် တစ်လလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းကျောင်းသား/သူ ၂၄ ဦးအတွက် တစ်လလျှင် ၈၀၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊ မူလတန်းကျောင်းသား/သူ ၉၆ ဦးအတွက် တစ်လလျှင် ၅၀၀၀ ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ကြသည်။
ထို့နောက် သုံးခွမြိုနယ် ပညာရေးဌာနမှပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို သုံးခွမြို့နယ်အတွင်းရှိ အ.မ.က (၁)၊ အ.မ.က(၃)၊ အ.မ.က(၅)၊ အ.မ.က(၆)၊ အ.မ.က(၈)၊ အ.မ.က(၉)တို့မှ စာသင်ကျောင်းတစ်ကျောင်းလျှင် ၅ ဦးနှုန်းဖြင့် ကျောင်းသား/သူ ၃၀ ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်တာဝန်ရှိသူများ၊ ပညာရေးဦးစီးဌာနမှတာ၀န်ရှိသူများက ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အ.ထ.က(၂)ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို သီဆိုဖျော်ဖြေပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်