နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ ပြုလုပ်

နောင်ချို  မေ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ယနေနေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငြိမ်းလှလှအောင်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းတွင် သင်ကြားပို့ချပေးသော နည်းပြဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြကြောင်းနှင့်  အခမ်းအနားအပြီးတွင်  နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မျိုးဆက်သစ်လူငယ်လူရွယ်များ လိမ္မာယဉ်ကျေးမှုရှိစေရန်နှင့် ဘာသာတရားကို ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)