ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

ညောင်ရွှေ မေ ၂၉

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ(၂၉)ရက်နံနက်(၉)နာရီက ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက "အမျိုးသားစည်းကမ်းအစ"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းနေရေး၊ ကျောင်းအပ် နှံရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြလင်းက ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အောင်အင်းလေးကုမ္ပဏီမှ ဒေါ်လတ်လတ်အောင်၊ မြို့နယ်ပညာရေးသမဝါယမ ငွေစုငွေချေးအသင်းနှင့် အလှူရှင်များက ကျောင်းသုံးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

၎င်းနောက် အခြေခံပညာကျောင်းအသီးသီးမှ ဆရာမများ၊ ကျောင်းသားကျောင်းသူလေးများက အကအလှများ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ