လှည်းကူးမြို့နယ် အောင်မင်္ဂလာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လှည်းကူး မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်ကျောင်းသားမိဘများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာခံပညာမူလတန်းလွန်ကျောင်း၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများစုပေါင်းကာ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များသိမ်းဆည်းခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သည်။

 ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများတို့က သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)