သပိတ်ကျင်း မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့်အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဆိပ်ကမ်းရပ်ကွက် "ရွှေဝါဝင်း"ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၇၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် မြို့နယ်မိသား စုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာထွန်း ၏ ဦးဆောင်မှုဖြင့် သင်တန်းနည်းပြ ဆရာများက ကိုယ်အမူအရာ၊ နှုတ်အမူအရာ ပျူငှာယဉ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ပြုမူပြောဆို ကျင့်ကြံနေထိုင်တတ်စေရန်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရများ သိရှိစေရန်နှင့် တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ဗုဒ္ဓဝင် အကျဉ်းမှတ်စု၊ ရတနာသုံးပါးဂုဏ်ကျေးဇူးနှင့် ကံကံ၏ အကျိုး၊ ဘုရားရှိခိုးခြင်း၊ ဆုတောင်း မေတ္တာပို့သခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊မင်္ဂလသုတ်နှင့် ဗုဒ္ဓစာပေများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို မေ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဟုသိရသည်။
စိုးနိုင်ဝင်း( ပြန်/ဆက်)၊သပိတ်ကျင်း