ပန်လုံဒေသ၌ တယ်လီဖုန်းဆက်သွယ်မှု ကောင်းမွန်စေရေး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ဟိုပန်  မေ ၂၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီခွဲအချိန်က ပန်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ဥက္ကဋ္ဌက ပန်လုံဒေသသည် တယ်လီဖုန်းဆက်သွယ်မှုကောင်း မွန်ခြင်းမရှိသည့်အတွက် စီးပွားရေး၊လူမှုရေးအခက်အခဲများရှိခဲ့ကြောင်း၊ မိမိအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့တင်ပြခဲ့ရာ တာဝန်ရှိသူများက Mytel ဆက်သွယ်ရေးကုမ္ပဏီမှ ပညာရှင်ကို စေလွှတ်ပေးခဲ့ကြောင်း၊ ပညာရှင်များက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် တာဝါတိုင်များစိုက်ထူခြင်း၊ Cable ကြိုးသွယ်တန်းခြင်းများဆောင်ရွက်ပြီးပါက မကြာမီအချိန်ကာလအတွင်း တယ်လီဖုန်းလိုင်းများကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Mytel ကုမ္ပဏီမှ တာဝန်ရှိသူက တယ်လီဖုန်းလိုင်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်တို့ကို ရှင်းလင်းပြောကြားပြီးနောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရပ်ကွက်(၃)ရှိ ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူထား သည့်နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပန်ကောက်ကျေးရွာသို့ရောက်ရှိပြီး ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပန်ကောက်ကျေးရွာနှင့်အနီးအနားဝန်းကျင်တွင် ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူမည့်နေရာသို့ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်