နောင်ချို မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကျောက်တော(စံပြ)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငြိမ်းလှလှအောင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးကိရိယာများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် အာဟာရအဖြစ် ကြက်ဥများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအပြီးတွင် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငြိမ်းလှလှအောင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်နုနုလှိုင်တို့က ဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကျောင်းဝန်းအတွင်းရှိ အမှိုက်များ၊ ချုံနွယ်မြက်များ၊ သစ်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းကာ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)