တောင်သာ မေ ၂၉
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁၀)အထည်စက်ရုံ (တောင်သာ)တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၏ ၂၀၂၃-ခုနှစ်၊ မိုးရာသီ အကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၁၀) အထည်စက်ရုံဝန်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဟန်သူရမှ သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီးနောက် ဆက်လက်၍ စိုက်ပျိုးမည့် သစ်ပင်များအား ပေးအပ်ရာတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲလွင်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးဟန်သူရထံ ပေးအပ်ခြင်း၊ မြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်စွာလင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး နေမျိုးသူထံ ပေးအပ်ခြင်း၊ အမှတ်(၁၀)အထည်စက်ရုံ စက်ရုံမှူး ဦးကျော်နိုင်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးအရာရှိ ဦးလာဒ်ထွဋ်ထံ ပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမိုးကျော်နိုင်ထံ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၂၀၀)ဦးတို့မှတပျော်တပါး သစ်ပင်စိုက်ပျိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်၊ မယ်ဇလီ၊ တမာ၊ မန်ကျည်း၊ စွယ်တော်၊ ခရေ၊ ငုစပ်၊ ငုရွှေဝါ၊ ဗန်ဒါ၊ ယင်းမာ၊ စိန်ပန်း စုစုပေါင်း (၂၀၀)ပင် စိုက်ပျိုးခဲ့ပြီး ကောက်ညှင်းပေါင်းနှင့် အကြော်များကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)