လားရှိုးမြို့တွင် မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံထွက် ဒူးရင်းသီးများ ရောင်းအားကောင်း

လားရှိုး မေ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မွန်ပြည်နယ်ဒေသထွက် ဒူးရင်းသီးများနှင့် ထိုင်းနိုင်ငံထွက် ဒူးရင်းသီးများဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့တွင် မွန်ပြည်နယ်ဒေသထွက် ဒူးရင်းသီးများမှာ တစ်လုံးလျှင် ကျပ်ရှစ်ထောင်မှ တစ်သောင်းခွဲအထိဈေးရှိပြီး ထိုင်းနိုင်ငံထွက် ဒူးရင်းသီးများမှာ တစ်လုံးလျှင် ငါးသောင်းကျပ်မှ တစ်သိန်းထိဈေးရှိကြောင်း သိရသည်။

“ရှမ်းပြည်မှာက ဒူးရင်းသီးမထွက်ဘူးလေ။ ဒါကြောင့် မော်လမြိုင်ဘက်နဲ့ တောင်ငူဘက်မှာစိုက်ပျိုးတဲ့ ဒူးရင်းသီးတွေ ရောင်းတယ်။ မြန်မာနိုင်ငံမှာထွက်တဲ့ ဒူးရင်းသီးမျိုးကအသားနည်းတယ်။ အစေ့ကြီးတယ်။ ဒါကြောင့် ဈေးကွက်မှာကဈေးသိပ်မကြီးဘူး။ ထိုင်းဘက်ကလာတဲ့ ဒူးရင်းသီးမျိုးတွေကျတော့ အသားများတယ်။ အစေ့သေးတယ်။ ဒီလိုမျိုးကျတော့ဈေးကြီးတယ်။ တချို့အလုံးတွေဆို သိန်းဂဏန်းထိဈေးရှိတယ်။”ဟု လားရှိုးမြို့တွင် ဒူးရင်းသီးရောင်းချသူတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒူးရင်းသီးစိုက်ပျိုးနိုင်မှုမရှိပဲ မွန်ပြည်နယ်နှင့် အခြားဒေသများတွင် စိုက်ပျိုးသောဒူးရင်းသီးများကိုသာ တင်ပို့ရောင်းချနေရခြင်းကြောင့် ဒူးရင်းသီးဈေးနှုန်းမှာ အခြားဒေသများထက် ကြီးမြင့်မှုရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)