သာစည် မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ အမှတ်(၂)ရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၏ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှထွန်းကအမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေးအတွက် ကျောင်းအပ်နှံစေရေး၊ ကျောင်း ထွက်သူမရှိစေရေးနှင့် ကျောင်းသား/သူများအားလုံး ခသာတူညီမျှ ပညာသင်ယူရေးတို့ကို မိဘ ဆရာများနှင့်တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်တို့ကို ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ကျော်က ပညာရေးပြုပြင် ပြောင်းလဲမှုများ၊ အခမဲ့ ထောက်ပံ့ပေးသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက ကျောင်းအပ်နှံမှုအခြေအနေများနှင့် ကျောင်းဖွင့်ကာလတွင်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးက ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများထံပေး အပ်သည်။ ၎င်းနောက် အလှူရှင်များက ကျောင်း စာကြည့်တိုက်ဆောက်လုပ်ရန်နှင့် အုတ်တံတိုင်းကာရန်အတွက်အလှူငွေများကို ကျောင်းအုပ်ကြီး ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်