ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

သင်္ဃန်းကျွန်း          မေ          ၂၉

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(ဆရာမြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာကျင့်ဝတ်စာအုပ်များအား ပေးအပ်ခဲ့သည်။

အဆိုပါသတင်းရေးသားနည်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့နှင့် မေလ(၃၀)ရက်နေ့တွင် သင်တန်းသား/သူ(၂၆)ဦးအား နိုင်ငံရေးနှင့်သတင်းမီဒီယာများ၏ အခန်းကဏ္ဍ၊ သတင်းမှားမှန်သုံးသပ်ခြင်း၊ ဝေါဟာရရှင်းလင်းချက်၊ ဆိုရှယ်မီဒီယာ၏ အခန်းကဏ္ဍ၊ သတင်းသမား၏ သစ္စာတရား၊ အချက်အလက်အခြေပြု သတင်းစာပညာ၊ သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့်ကျင့်ဝတ်များကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သတင်းလုပ်ငန်းဆောင်ရွက်နေသော သတင်းမီဒီယာသမားများ၏ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားတိုးတက်လာစေရန်နှင့် နယ်မြေဒေသသတင်းများကို ရေးသားပေးပို့ကြရာတွင် အချက်အလက်များမှန်ကန်ပြည့်စုံပြီး အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်စေရေးအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ခရိုင်(ပြန်/ဆက်)