ငါန်းဇွန် မေ ၂၉
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ ရတနဃရသာသနဗိမာန်တော်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့ နံနက် ၉နာရီက ငါန်းဇွန် မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္က ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသားကျောင်းသူများအတွက် အခြေခံကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာ ကျင့်သုံးတတ်စေရန်၊ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်တတ်စေရန် ရည်ရွယ်၍ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းကာလမှာ မေလ ၂၉ရက်နေ့မှ ၃၁ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ၁၁နာရီအထိ ဖြစ်ပြီး သင်တန်းနည်းပြဆရာမ (၃)ဦးမှ ငါန်းဇွန်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ သင်တန်းတက်ရောက်ကြသော အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၈၀)ဦးအား ဘုရားရှိခိုးခြင်း၊ ဆွမ်းတော်၊ ရေတော်၊ ပန်းတော်၊ ဆီမီးတော် ကပ်လှူခြင်း၊ အနန္တစကြဝဠာ မေတ္တာပို့ခြင်း၊ ဆုတောင်းခြင်းနှင့် အမျှဝေခြင်း၊ ဗုဒ္ဓဝင်အကျဉ်း၊ ရတနာ(၃)ပါးကျေးဇူး၊ ကံ ကံ၏အကျိုး၊ ဒုစရိုက်၊ သုစရိုက်နှင့် ပညာကြိယာဝတ္ထု စသည့် သင်ခန်းစာများကို သင်ကြားပို့ချခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)