မိုင်းတုံ မေ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဥယျာဉ်ကျောင်းတိုက်၌ (၅)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို ရှမ်းဓမ္မစင်္ကြာအဖွဲ့က ရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေစေတီကျောင်းတိုက် ဆရာတော် ဦးဝါယမထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခြင်း ၊ရှမ်းဓမ္မစင်္ကြာအဖွဲ့မှ ပဌာန်းတရားနားကြားရန် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေစေတီကျောင်းတိုက် ဆရာတော် ဦးဝါယမမှပဌာန်းဒေသာနာတော်ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာပဌာန်း အမွမ်းဖတ်ကြားပြီးနောက် သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှပဌာန်း(၂၄)ပစ္စည်း (၃)ခေါက်သံပြိုင်ရွတ်ဆိုပြီး အလှည့်ကျ ဘဏကသံဃာတော်မှ အဘိဓမ္မာ(၇)ကျမ်းကိုစတင် ရွတ်ဖတ်ပူဇော်ခဲ့သည်။
ဆင်ယင်ကျင်းပသည့် သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆန်း(၁၁)ရက်၊ ၂၉.၅.၂၀၂၃ တနင်္လာနေ့၊ ဥယျာဉ်ကျောင်းတိုက်တွင်ပြုလုပ် သော(၅)ကြိမ်မြောက်အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော်များမှ အလှည့်ကျဖြင့် ၂၉-၅-၂၀၂၃ ရက်နေ့မှ ၂-၆-၂၀၂၃ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)