မိုင်းဖြတ်၌ Facility Quarantine ဝင်နေသူများအတွက် အလှူငွေလှူဒါန်း

မိုင်းဖြတ်  အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကိုတို့က အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က (ဟိုနား) ကျောင်းများ တွင် Facility Quarantine ဝင်နေသူ ဆရာ၊ ဆရာများအတွက် အလှူငွေ ကျပ်သိန်း နှစ်ဆယ်ကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က အ.ထ.က(မိုင်းဖြတ်) ကျောင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ကျပ်ဆယ်သိန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကိုက ကျပ်ငါးသိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ကျပ်ငါးသိန်းနှင့် မြိုနယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများအတွက် နှာခေါင်းစည်း (Mask) နှစ်ထုပ်တို့ကို မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

Facility Quarantine ခံယူနေသူ ဆရာ ၂၄ ဦး၊ ဆရာမ ၂၁ ဦးသည် မိမိစရိတ်ဖြင့် ဝင်ရသည့်အတွက် အ.ထ.က(မိုင်းဖြတ်)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အမာကြည်နှင့် တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများက လှူဒါန်းရရှိသည့် အလှူငွေများဖြင့် စားသောက်ရေးများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)