၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းကိုင် မေ ၂၉

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ် အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  အခြေခံပညာအထက်တန်းကျောင်း မြတ်သီရိခန်းမ၌ ကျင်းပခဲ့ရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းပေါင်း ၁၂၂ ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေး ပညာသင်ခွင့်ရရှိစေရေးအတွက် အားလုံးကျောင်းအပ်နှံကြရန်လိုကြောင်း၊ ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့် ရရှိစေရန် နိုင်ငံတော်မှ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ပေးအပ်ထားပြီး မူလတန်းကလေးများအတွက် ကျောင်းဝတ်စုံများကိုလည်း အခမဲ့ထောက်ပံ့ပေးထားကြောင်း၊ ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သည့်"ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်သည့် ကလေးတိုင်းကျောင်းသို့တက်

ရောက် ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေပျော်၍စာတော်သည့် လူချွန်လူကောင်းများ ဖြစ်လာစေရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားကြ စေလိုကြောင်း မှာကြားပြီးနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက နိုင်ငံတော်မှ ထောက်ပံ့သော အခမဲ့ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံများကို လွှဲပြောင်း ပေးအပ်ရာမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများက လက်ခံရ ယူခဲ့သည်။

အဆိုပါအခမ်းအနားအပြီးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ တက်ရောက်ပညာသင်ကြားမည့်  ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအပ်‌နှံပေးနေသည့် ကျောင်းသားမိဘများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ‌ရင်းရင်းနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးကြည့်ရှုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)