ပျော်ဘွယ် မေ ၂၉
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်နေမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ရမည်းသင်းခရိုင်ပညာရေးမှူး ဒေါ်ခင်မာမာအေးက ကျောင်းအပ်နှံရာတွင် ဆရာ၊ ဆရာမများ သိရှိထားသည့် အချက်များနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထပ်ဆင့်ပေးအပ်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးခင်မောင်ထွန်းက ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)