စဉ့်ကိုင် မေ ၂၉
နွေရာသီတွင် အေးမြ၍ ဆောင်းရာသီတွင် နွေးထွေးမှုကို ရရှိပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်စျေးနှုန်းလည်း သက်သာသည့်အတွက် အညာဒေသရှိ အိမ်တိုင်း၌ မရှိမဖြစ် လိုအပ်သည့် ဖယောင်းဖျာများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သင်္ဂတုန်ကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖယောင်းဖျာ ယက်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပို၀င်ငွေ ရရှိပြီး စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဖယောင်းဖျာ ယက်လုပ်ရန် ကုန်ကြမ်းအဖြစ် ကံကြီးကျေးရွာ၌ အလေ့ကျပေါက်သည့် ဖယောင်းပင်များကို သွားရောက်ခုတ်ယူပြီး (၅)ရက်လောက်နေလှန်း၍ ယက်ခါနီးတွင် ရေခဏစိမ်ပြီးမှသာ ယက်လုပ်ရကြောင်း ပလပ်စတစ်ကြိုးကို စက်နှင့်တန်းယက်ပြီး လက်ယက်ခုံတွင် တန်းကာ ဖယောင်းများကို လှပအောင် အရောင်လေးများဖြင့် အကွက်ဖော် ဆင်ယင်ယက်လုပ်ရကြောင်း သိရသည်။
ဖယောင်းဖျာတစ်ချပ်လျှင် အလျား(၆)ပေ၊ အနံ(၃)ပေရှိပြီး တစ်ချပ်ကိုသွင်းစျေးအနေနှင့် တစ်ချပ်လျှင် တစ်ထောင်ငါးရာကျပ် သွင်းရပြီး ကိုယ်တိုင်ရောင်းလျှင် တစ်ချပ်နှစ်ထောင်ထိ စျေးရရှိကြောင်း၊ တစ်ယောက်လျှင် တစ်နေ့(၅)ချပ်ထိ ရက်လုပ်နိုင်၍ မိသားစုများလျှင် အချပ်ရေ ပိုမိုထွက်ရှိကြောင်း အချပ်ရေ များပြီး ၀င်ငွေပိုမိုရရှိနိုင်ပါကြောင်း မိသားစုအပို၀င်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိသော ဖယောင်းဖျာ ယက်လုပ်သူ ဒေါ်ခင်မိုးကြူထံက သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)