မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားသို့ တက်ရောက်

မော်လမြိုင်  မေ   ၂၉

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ပြည်နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ကျောင်းဖွင့်ပြီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆိုသည့် ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးတိုင်းပညာရေးမဝေးဖို့ ရာနှုန်းပြည့်အပြည့်အဝ ကျောင်းလာရောက်အပ်နှံနိုင်ရေးအတွက် နှစ်စဉ်နှစ်တိုင်းကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှုကို ဆောင်ရွက်နေမှုများကိုတွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံပညာ(အထက်တန်း)စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေး အတတ်ပညာ စသည့် ပညာရေးလမ်းသွယ်လေးမျိုး သင်ယူနိုင်မည့် အခွင့်အလမ်းများရရှိမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိနိုင်မှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ဖို့နှင့် ကျောင်းသား၊ ကျောင်းသူများ ရောဂါအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ရဲ့ ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း၊ ကျောင်းအပ်နှံရေးနေ့ပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့် နိုင်ငံသားတိုင်း Kg+9 ပညာရေးပြီးမြောက်မှုရှိရေးတို့ကို တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များက စိတ်စေတနာအရင်းခံဖြင့် အခြေခံပညာကို ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ဖို့အတွက်နှင့် ပညာ သင်ကြားရန်ခက်ခဲသော ကလေးများကို ပစ်ပယ်မထားဘဲ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသားမိဘများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ကျောင်းအပ်နှံမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများထံပေးအပ်ခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်၊ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူ များအတွက် အလှူရှင်များက အလှူငွေများပေးအပ်ခဲ့မှုအပေါ် ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသူများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)