ဇမ္ဗူသီရိ မေ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ၂၃ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကံ၊ ဉာဏ်၊ ဝီရိယဖြင့် အားစိုက်၍ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပျဉ်းမနားခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးတို့က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)