ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး​ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ မေ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးရဲသူရခင်စိုးက အဖွင့်အမှာစကားပြောကြားရာ၌ “ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ မိဘများက မိမိတို့ရဲ့ကလေးများအား ပညာသင်ယူခွင့်ရရှိဖို့ အချိန်မီ ကျောင်းအပ်နှံဖို့လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြေခံပညာသင်ယူမှု ပြီးမြောက်အောင်ပံ့ပိုး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းလာရောက် အပ်နှံသည့်အခါ မည်သည့်ငွေကြေးကိုမျှ ကောက်ခံခြင်းမရှိ၊ဆင်းရဲ၊ ချမ်းသာခွဲခြားမှုမရှိ ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့် ရရှိအောင် ဆောင်ရွက်ပေးထား ပါကြောင်း” ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က “ကျောင်းနေရွယ်ကလေးများ ပညာသင်ယူခွင့်ရရှိဖို့ အချိန်မီကျောင်းအပ်နှံဖို့ မိမိတို့အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပုံနှိပ် စာအုပ်များနှင့် ဗလာစာအုပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြင့်(ပြန်/ဆက်)