မူဆယ် မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လွယ်တိန်ခမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကတောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၏ (၆၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားနှင့် လွယ်တိန်ခမ်းတောင်တော် အရှည်တစ်မိုင်ခွဲရှိသော ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားတို့ကို မေလ(၂၆)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ နံနက်(၈း၀၀)အချိန်တွင် လွယ်တိန်ခမ်းတောင်တော် အရှည်တစ်မိုင်ခွဲရှိသော ကွန်ကရစ်လမ်းအား ဖွင့်လှစ်ရန် ဖိတ်ကြားထားသော ဆရာတော်ကြီးများနှင့်တကွ သံဃာတော်အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများ၊ မြို့ရပ်မိရပ်ဖများ၊ ကုသိုလ်ရှင်/စေတနာရှင်များက ကွန်ကရစ်လမ်းဖွင့်လှစ်ရန်အတွက် နေရာယူခဲ့ကြပြီး လွယ်တိန်ခမ်းဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)နှင့်တကွ မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများ၊ CMEC တရုတ်မြန်မာစင်္ကြန်လမ်းမှ အလှူရှင်များနှင့် ဂရိတ်ဟော်ခမ်းကုမ္ပဏီမှ အလှူရှင်များက မင်္ဂလာ အခါတော်အချိန်၌ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါသည်။ ထို့နောက် ဖဲကြိုး ဖြတ်ဖွင့်လှစ်ချိန်တွင် တက်ရောက်လာသော သံဃာတော်အရှင်သူမြတ်များက ဇယန္တော ဗောဓိယာအောင်ဂါထာကို ရွတ်ဖတ်ပူဇော်ပေးခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွက်ဆိုကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။
ဆက်လက်၍ နံနက်(၉း၀၀)နာရီအချိန်တွင် မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်အဆင်းရှိ ဓမ္မဗလဝိဟာရကျောင်းတိုက်၌ လွယ်တိန်ခမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကတောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၏ (၆၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပွဲအား ကျင်းပတော်မူလျက် ဆရာတော် ဒေါက်တာဒေဝိန္ဒာဘိပါလထံမှ ငါးပါးသီလခံယူတော်မူခဲ့ကြပြီး ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူဆောက်တည်တော်မူခဲ့ကြပါသည်။
ယင်းနောက် မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကွန်ကရစ်လမ်း ဖောက်လုပ်တည်ဆောက်ရေးတွင် ပါဝင်လှူဒါန်းကြသော စေတနာရှင်၊ အလှူရှင်ကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ဆရာတော် ဒေါက်တာဒေဝိန္ဒာဘိပါလထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(မူဆယ်)