နမ့်ခမ်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပဆောင်ရွက်

 

နမ့်ခမ်း မေ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအနီးရှိ ကွင်းပြင်နေရာ၌ မြို့နယ်သစ်တောဦးစီးဌာနမှ စီစဥ်ကျင်းပသည့် သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားဆောင်ရွက်မှုအတွက် ယနေ့ နံနက် (၉) နာရီအချိန်တွင် ၂၀၂၃-ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် မူဆယ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်နှင့် ဦးစီးအရာရှိ ဦးမျိုးစည်သူအေး၊ နမ့်ခမ်းမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းညွန့်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာပြည်သူများအား ပျိုးပင်များ ပေးအပ်ဖြန့်ဝေကာ သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ မန်ဝိုင်၊ မယ်ဇလီ၊ အော်ရေးရှား၊ သစ်လှ၊ ပိန္နဲ၊ ဒိန်ညှင်း၊ ထောပတ်၊ ဆူးထင်းရှူး စသည့် ဒေသရာသီဥတုနှင့်သင့်လျော်သော ဒေသပေါက်ပင်၊ အရိပ်ရပင်၊ သီးပင်စားပင် စုစုပေါင်း ပျိုးပင်ပေါင်း(၃၀၀)ပင်အား မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသစိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ သစ်တောသစ်ပင်များ ပြုန်းတီးမှု ကာကွယ်နိုင်ရေးတို့အတွက် ပြည်သူတိုင်းမှ သစ်တောသစ်ပင်များကို မြတ်နိုးတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းလိုသည့် စိတ်ဓာတ်ပိုမိုရှင်သန်နိုင်စေရန် ရည်ရွည်၍ နမ့်ခမ်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားဆောင်ရွက်မှုများကို နှစ်စဥ်နှစ်တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ကြိုးဝိုင်း၊ ကြိုးပြင်၊ ကာကွယ်တောများ ထိန်းသိမ်းခြင်းနှင့် တစ်အုပ်တစ်မ သစ်တောစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အပြင် ဒေသခံပြည်သူများအား သီးပင်စားပင်ပျိုးပင်များကို သစ်တောပျိုးဥယျာဥ်တွင် အခမဲ့ယူဆောင်စိုက်ပျိုးနိုင်ပါကြောင်း သိရှိရသည် ။

နမ့်ခမ်း (ပြန်/ဆက်)