ပင်းတယ မေ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံပင်များကို စီးပွားဖြစ် စိုက်ပျိုးရောင်းချကြလျက်ရှိရာ ယခုအခါတွင် ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ စတင်ခူးဆွတ်ရောင်းချကြလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ အနီးအနားကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိရာ ယခုအခါတွင် တောင်သူများ မျှော်လင့်ထားသည့်အတိုင်း ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီး အခြားဒေသများသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ ပင်းတယမြို့နယ်အနီး ဇော်ဂျီချောင်းဘေးတစ်လျှောက် စိုက်ပျိုးသည့် တောင်သူများအနေဖြင့် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ခရမ်းချဉ်သီးကို စီးပွားဖြစ် ဧကအများအပြား စိုက်ပျိုးကြရာ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။
ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် မြေ၏ ပကတိအစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြသော်လည်း မြေပြင်ခြောက်သွေ့သည့် နွေရာသီတွင် မြေအစိုဓာတ်လျော့ာ့နည်းသွားခြင်းမရှိစေရန်အတွက် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးလေ့ရှိသည်။ ပင်းတယမြို့နယ်အနီး ကျေးရွာများဖြစ်သည့် တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပထိုး၊ ပွေးလှ အစရှိသည့် ကျေးရွာများတွင် ခရမ်းချဉ်သီးကို စီးပွားဖြစ် ဧကအများအပြား စိုက်ပျိုးကြပြီး အိမ်တွင်းမိသားစု စီးပွားရေးတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလည်း ရှိသည်။ ဒေသထွက်ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေး၊ အောင်ပန်းအစရှိသည့် မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးစိုက်တောင်သူများအနေဖြင့် ယခုအခါတွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေ၍ လူမှုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)