ရန်ကုန် မေ ၂၉
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စေတီတော်အနောက်ဘက်မုခ်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျ သဘာပတိဦးတင်ဝက သင်တန်းပြီးမြောက်အောင်မြင်မှုဝမ်းမြောက်ကြောင်း စကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြမဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီးဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းနည်းပြဆရာကြီးအား ဂါရဝပြုလက်ဆောင်ပစ္စည်းအားလည်းကောင်း၊ ဆုရသင်တန်းသားများအား ဆုလက်ဆောင်ပစ္စည်းများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများအား ဝန်ဆောင်မှုပေးရာတွင်လည်းကောင်း မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီပြီး အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုသည်မြတ်ဗုဒ္ဓ၏တရားဒေသနာတော်များကို အခြေခံထားခြင်းဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်ကိုက်ညီသော မြန်မာ့ယဉ်ကျေးမှု အလေ့အကျင့်ကောင်းများကိုအဆင့်အတန်းမြင့်မားစွာ သိရှိနားလည်လာမည်ဖြစ်သည်။
ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁)အား ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်မှစတင်ဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြစ်ရာ ရွှေတိဂုံစေတီတော်မှဝန်ထမ်း ၃၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)