ပျဉ်းမနားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

ပျဉ်းမနား မေ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ‌ခြေခံပညာမူလတန်းလွန်ကျောင်း (ဘောဂဝတီ)၌ ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို “အနာဂတ်လူရည်ချွန်” သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူလေးများက သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အခြေခံပညာဦးစီးဌာန၊ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ပညာရေးသည် စနစ်သစ်ဖြစ်ရာ သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများမှာလည်း KG မှ Grade-12 အထိသင်တန်းများ တက်ရောက်ပြီးစီးပြီဖြစ်သောကြောင့် သင်ကြားရေးအတွက် အဆင်သင့်ဖြစ်နေကြောင်းနှင့် နိုင်ငံတော်မှ ပညာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပျဉ်းမနားခရိုင် ပညာရေးမှူး ဒေါ်ဝင်းဝင်းအေးက ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်နိုင်ရေးအတွက် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးနေကြောင်း၊ ပညာသင်ကြားရေးအတွက်လည်း အခမဲ့ပညာရေးစနစ်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကံ၊ ဉာဏ်၊ ဝီရိယဖြင့် အားစိုက်၍ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ပြီး “မြန်မာ့ကျောင်း” သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူလေးများက သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)