မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်၍ ပညာ သင်ကြားနိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြား

မြောက်ဦး  မေ ၂၉

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်  တာဝန်ရှိသူများ သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများကို ယမန်နေ့က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံခဲ့၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများသည် မြို့နယ်ပညာရေးမှူး၊ မုန်တိုင်းသင့် အခြေခံပညာကျောင်းပေါင်း (၉၇) ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ဆရာ၊ ဆရာမများ ၊ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး ပျက်စီးသွားသော အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ရက်မတိုင်မီ အမြန်ဆုံး ပြုပြင် နိုင်ရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းပေးခြင်းကြောင့် ကျောင်းဖွင့်ရာသီရောက်ချိန်တွင် ကျောင်းများဖွင့်လှစ်နိုင်ပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)