ကျောက်ပန်းတောင်း မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို၊ ယမန်နေ့ နံနက်(၈)နာရီက လွတ်လပ်ရေးရပ်ကွက် မူလတန်းလွန် ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်ဇော်နှင့် ဝန်ထမ်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုးသင်းနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ လွတ်လပ်ရပ်ကွက် မူလတန်းလွန်ကျောင်း၏ ကျောင်းဆောင်သစ်ဖြစ်သော ခရေဆောင်အရှေ့ မြေကွက်လပ်တွင် ကျွန်း၊ ပိတောက်၊ တမာ၊ ဗန်ဒါ၊ စိန်ပန်း၊ မယ်ဇလီ၊ ယင်းမာ အစရှိ သည့် အရိပ်ရ ပျိုးပင်ပေါင်း ၂၅၀ ကို စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီအကြို အရိပ်ရပျိုးပင် စိုက်ပျိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ကျောင်းဝန်းကျယ်၍ အရိပ်ရပင်နည်းသော လွတ်လပ်ရေး ရပ်ကွက် မူလတန်းလွန်ကျောင်းကို ရွေးချယ်ခြင်းဖြစ်ကြောင်းနှင့် သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးအဖွဲ့ဝင်များ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရပြီး၊ လွတ်လပ်ရေး မူလတန်းလွန်ကျောင်းအနေဖြင့် ပျိုးပင်များ ရှင်သန်ကြီးထွားအောင် ကျောင်းသူ/ကျောင်းသားများနှင့် ရပ်မိ/ ရပ်ဖများ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြနွယ်က ပြောသည်။
နေအောင်(ပြန်/ဆက်)