မိုးညှင်း အောက်တိုဘာ ၇
ကချင်ပြည်နယ်၏ ဝင်ပေါက်တစ်ခုဖြစ်ဖြစ်ပြီး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် တောင်ဘက်ပိုင်းရှိ စစ်ကိုင်းတိုင်းနှင့် နယ်စပ်အနီးတွင် ဖွင့်လှစ်ထားသည် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှစ၍ ပြည်နယ်အတွင်း ဝင်ရောက်လာသူ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား (COVID-19 Antigen Rapid Test Kit)များဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပြီး ရောဂါပိုးမရှိမှသာ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ(COVID-19 Antigen Rapid Test Kit)များဖြင့် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို ဒုမြို့ နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့ဝင်(၉)ဦးဖြင့် ယခုလ ၉ရက်နေ့မှစ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး စမ်းသပ်စစ်ဆေးချက်အရ ပိုးမတွေ့ရှိမှသာ ပြည်နယ်အတွင်းဝင် ရောက်ခွင့်ပြုမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေမည်ဖြစ်သည်။
နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်သည်နေ့စဉ်နံနက် ၇:၃၀ နာရီမှ ညနေ ၆:၀၀နာရီအထိသာ ဖြတ်သန်း သွားလာ ခွင့်ပြုထားကြောင်း သိရှိရပြီး ပြည်နယ်တစ်ခုလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၅၀ ဦးရှိပြီး ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄၁ဦးနှင့် လက်ရှိဆေးကုသမှုခံယူနေသူ ၉ ဦးရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အောက်တိုဘာလ ၆ရက်နေ့ ညနေ ၅ နာရီအချိန် ထုတ်ပြန်ချက်များအရ သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)