ပြင်ဦးလွင် မေ ၂၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၁) အခြေခံပညာကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အ.ထ.က(၁)မှ ကျောင်းသား/သူများက "ကျောင်းသွားကြမယ်" သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး ပြင်ဦးလွင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို အဓိက တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါများရန် လိုအပ်ရာ နိုင်ငံတော်အနေဖြင့် ပညာရေး ရင်းနှီးမြှုပ်နှံမှုကို အလေးထားလျက် ပညာရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်စေရန် အားပေးကြိုးပမ်း လျက်ရှိကြောင်း၊ လူငယ်များ မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ရေး အတွက် အသိပညာ၊ အတတ်ပညာများ အမှန်တစ်ကယ် ရရှိတတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၂၀၀၈-ခုနှစ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ(၃၆၆)တွင်လည်း နိုင်ငံသားတိုင်း ပညာသင်ကြား ပိုင်ခွင့်ရှိပြီး မသင်မနေရ အခြေခံပညာသင်ကြားခွင့်ကို အာမခံထားပေးပါကြောင်း၊ ကလေးများကို ကျောင်းတွင် လည်းကောင်း၊ ဘဝတွင် လည်းကောင်း၊ ကောင်းစွာသင်ယူတတ်မြောက်စေရန် ဆရာ၊ ဆရာမများ အနေဖြင့် စာကြည့်တိုက် အသုံးပြုတတ်သည့် အလေ့အကျင့်ကောင်းကို ပျိုးထောင် ပေးရန်လိုကြောင်း၊ သုတစာပေ၊ ရသစာပေများ ဖတ်ရှုခြင်းကို ဝါသနာပါလာအောင် မြေတောင် မြှောက်ပေးကြရန်နှင့် မိမိတို့ကိုယ်တိုင်လည်း စာများများ ဖတ်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် ပညာရေးမှူး ဒေါက်တာရွှေစင်အိက ပြင်ဦးလွင်ခရိုင် ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား တင်ပြဆွေးနွေးရာတွင် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း(၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀)ကျောင်း၊ စုစုပေါင်း (၁၈၉)ကျောင်း ရှိကြောင်း။ ကျောင်းသားဦးရေအနေဖြင့် ၂၀၂၂-ခုနှစ်၊ ဩဂုတ်လ စာရင်းအရ အခြေခံပညာ ကျောင်း များတွင် (၃၈၉၉၅)ဦး၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် (၁၈၉၂)ဦး၊ ကိုယ်ပိုင်ကျောင်းများတွင် (၉၁၁၃)ဦးဖြင့် စုစုပေါင်း (၅၀၀၀၀)ဦး ပညာသင်ကြားလျက် ရှိကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် အခြေခံပညာ ဆရာ၊ဆရာမပေါင်း အထက်တန်းပြ(၂၂၁)ဦး၊ အလယ်တန်းပြ (၅၀၆)ဦး၊ မူလတန်းပြ (၇၁၁)ဦး ၊ စုစုပေါင်း (၁၄၃၈)ဦး ရှိကြောင်း၊ ဆရာ၊ ကျောင်းသား အချိုးမှာ (၁:၂၇) ရှိကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရပ်ကွက်ကျေးရွာအသီးသီးရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ ရောက်ရှိနိုင်အောင် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ကြားရုံသာမက စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသွားမှာ ဖြစ်ပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်၊ ကျောင်းသုံးဝတ်စုံ၊ စာရေးကိရိယာနှင့် ဗလာစာအုပ်များအား ကျောင်းသားကျောင်းသူများထံသို့ ပေးအပ်ခဲ့ပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အ.ထ.က-၂ ကျောင်းသား/သူများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းသီဆို၍ ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားရာ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များတွင် ကျောင်းသား မိဘများ၊ ကျောင်းသား/ကျောင်းသူများ လာရောက်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ဖြုလူသစ် (ပြန်/ဆက်)