ညောင်ဦး မေ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ရေဖြင့်စိုက်ပျိုးထားသည့် နွေစပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာရိတ်သိမ်းချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြောင်း နွေစပါးစိုက်ပျိုးတောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့်စိုက်ပျိုးထားသည့် နွေစပါးစိုက် ဧက ၄၄ ဧက ရှိကြောင်း၊ နွေစပါးစိုက်ခင်းတွေကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်က နွေစပါးပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၁၈၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး မြစ်ရေတင်ဖြင့်စိုက်ပျိုး ကြသည့် နွေစပါးစိုက် တောင်သူများ ယခင်နှစ်က ဈေးနှုန်းမျိုးရရှိရန် မျှော်လင့်နေကြောင်း နွေစပါးစိုက် တောင်သူများထံက သိရသည်။
နွေစပါး စတင်စိုက်ပျိုးခြင်းအား မတ်လလယ်လောက်တွင် စပါးပျိုးထောင်ကြကာ ပျိုးသက် ၄၅ ရက်ကြာရောက်လျှင် လယ်ထဲသို့ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်မှရေသွင်းခ တစ်ဧကလျှင် နွေစပါး တစ်သီးပြီးသည် အထိ ၉၀၀၀ ကျပ်ပေးသွင်းရပြီး၊ ရေသွင်းအကြိမ်ရေငါးကြိမ်၊ခြောက် ကြိမ်အထိ ရေသွင်း ပေးရကြောင်း ငါ့သရောက် မြစ်ရေတင် တာဝန်ခံကရှင်းပြသည်။ ညောင်ဦးမြို့နယ်တွင် မြစ်ရေတင်(၃)ခုဖြင့် မနောသုခစပါးမျိုး၊ ဆင်းသုခစပါးမျိုးတို့စိုက် ပျိုးကြကြောင်း စဉ့်ကူတိုက် နယ်တွင် မုရင်းစပါး ၇ ဧကစိုက်ပျိုးအောင်မြင်နေကြောင်းလည်း သိရသည်။
ဒီပါလင်း