ကျိုင်းတုံ မေ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေ ၂၆ ရက်က မြန်မာ့လယ်ယာဖွွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံစိုက်ပျိုးရေး တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် စပါးစိုက်ပျိုးဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံစိုက်ပျိုးဧက တစ်ဧကလျှင် တစ်သိန်းနှုန်းကို တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် ကျိုင်းတုံမြို့နယ် ပင်းတောက်၊ မိုင်းခွန်၊ နမ့်လီ၊ နမ့်လုံ၊ ယန်းလောကျေးရွာအုပ်စုများရှိ တောင်သူ ၉၀ ဦး၏ စိုက်ပျိုးဧက ၃၅၈ ဧက အတွက် စုစုပေါင်းငွေကျပ် ၅၃၇ သိန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံဘဏ်ခွဲရုံးမှ ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်း ကျန်ရှိသည့် တောင်သူများအား စက်တင်ဘာလ ကုန်အထိ စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ၂၀၂၃ ခုနှစ်အတွက် လာမည့်မိုးစပါးစိုက်ပျိုးချိန်နှင့် အခြားသီးနှံများစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန် အတွက် နိုင်ငံတော်အစိုးရက အတိုးနှုန်းသက်သာစွာဖြင့် ငွေကျပ် သိန်း ၁၀၀၀ ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံဘဏ်ခွဲရုံး မန်နေဂျာ ဦးကျော်လွင်အောင်ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ ဆက်)