ပင်းတယ မေ ၂၈
ရှမ်းပြည်နယ်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား အောင်လက်မှတ်နှင့် စာအောင်ဆုများပေးအပ်ချီးမြှင့်ခြင်း ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံး ကြိမ်ရွတ် ဆိုဖွင့်လှစ်ခဲ့ပြီး အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဂုဏ်ထူးဖြင့် အောင်မြင်ကြသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဦးစန္ဒောဘာသနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းတွင် အထူးအောင်နှင့် ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးရာဇာငြိမ်းချမ်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းတွင် သင်ကြားပို့ချပေးခဲ့ကြသည့် သံဃာတော်များနှင့် ကျောင်းဆရာ/ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်းနှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲတွင် မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း များမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၉၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ (၃၃၆)ဦး အောင်မြင်ခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)