ဗဟန်း မေ ၂၈
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၉ နာရီက ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူးက လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့်ကျန်းမာရေး ကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ် အောင်မာဝင်းက ကျန်းမာကြံ့ခိုင်ပြီးထူးချွန်ထက်မြက် သောကျောင်းသား၊ ကျောင်းသူများဖြစ် လာစေရန်၊ အားကစားကဏ္ဍနှင့်သက် ဆိုင်သည့်အခြေခံအချက်(၄) ချက်တို့ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ ဆက်)