အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃) အစည်းအဝေးကျင်းပ

ဘားအံ မေ ၂၈

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် မြို့တော်ဖြစ်စေရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ယနေ့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်း၌ တစ်ပြိုင်နက်တည်းဆောင်ရွက်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အ.လ.က(ခွဲ)မဲဘောင်၊ အ.လ.က(ခွဲ)လှာကမြင်ကွက်သစ်၊ အမကမင်္ဂလာရွာသစ်နှင့် အ.ထ.က(ခွဲ)အုန်းတပင်ကျောင်းတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၃၀၇၄ ဦးသည် ယာဉ်၊ယန္တရားများအသုံးပြု၍ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့်စွန့်ပစ်ပစ္စည်း အမှိုက်များသိမ်းဆည်းခြင်း အစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မကြာမီကာလအတွင်း အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ပရိဘောဂနှင့်သင်ထောက်ကူပစ္စည်းများပြည့်စုံ လုံလောက်မှုရှိစေရေး၊ မုန့်ဈေးတန်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာ၊ လှာကဒေါင်အင်း ကန်ပတ်လမ်းအား အမာခံမြေသားလမ်းအဖြစ်ခင်းကျင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လှာကဒေါင်အင်းနှင့်ပတ်ဝန်ကျင်သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အများပြည်သူ စိတ်အေးချမ်းသာစွာအနားယူအပန်းဖြေနိုင်ရေးအတွက် ကန်ဘောင်တစ်လျှောက်အရိပ်ရသစ်ပင်များနှင့် ပန်းအလှပင် များစနစ်တကျစိုက်ပျိုးသွားရန်၊ အများပြည်သူနားနေရန်နေရာများ ထည့်သွင်းဆောင်ရွက်သွားရန်  တာဝန်ရှိသူ များလမ်းညွှန်မှာကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအား စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍများအတွက် လုပ်ငန်း(၄)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏကျပ်(၆၀၀၀)သန်း ဝင်ရောက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအား စက်မှုကဏ္ဍနှင့်ဟိုတယ်ခရီးကဏ္ဍများအတွက် လုပ်ငန်း(၂)ခု စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ သန်းဝင်ရောက်ရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း မေလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃)အစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ၊လုပ်ထုံး၊လုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပြီး ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များကိုအားပေးရန်နှင့် ၎င်းတို့၏ လုပ်ငန်းများကိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအသစ်များကိုဖိတ်ခေါ်၍ ယခင်ခွင့်ပြု ပြီးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ရေရှည်ရပ်တည်အောင်မြင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကို သက်သာခွင့်၊ ကင်းလွတ်ခွင့်များရရှိစေရန် ကျယ်ကျယ်ပြန့်ပြန့်အသိပညာ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံလုပ်ငန်းများ ပိုမိုစီးဝင်လာစေရန် ယခုအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းတိုးက ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ဘဏ္ဍာနှစ်အလိုက်ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရင်းနှီးမြှုပ်နှံမှုလျာထားချက်၊ ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ Covid-19 Fund မှ ချေးငွေများ ပြန်လည်ပေးဆပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဒုံရင်းကျေးရွာ၊ ဒုံရင်း အခြေခံပညာအထက်တန်းကျောင်း၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း တွဲဖက်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်တွင် ကျောင်းသုံးပရိဘောဂနှင့်သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/ မရှိ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရပ်ဝေးမှကျောင်းသား၊ကျောင်းသူများ ကျောင်းအိပ်၊ ကျောင်းစားနေထိုင်ပညာသင်ကြားနိုင်ရေး၊  ရေ၊ မီး၊ မိလ္လာ လိုအပ်မှုမရှိစေရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ ဆက်)