နောင်ချို မေ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်လူရွယ်များ လိမ္မာယဉ်ကျေးမှုရှိစေရန်နှင့် ဘာသာတရားကိုရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငြိမ်းလှလှအောင်က ဘာသာတရားတိုင်း၏ အဆုံးအမများသည် လူတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဝတ်စားဆင်ယင်မှုများသည် ဘာသာတရားအပေါ် အခြေခံအကြောင်း၊ ယခုသင်တန်းကို ယဉ်ကျေးလိမ္မာပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစေဖို့ အတွက်ကြိုးစား သင်ယူကြစေလိုကြောင်းစသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး ဒေါ်ဟေသီဦးက ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆရာ၊ ဆရာမများက ဗုဒ္ဓဘာသာ၏ အခြေခံသိထားသင့်သည့် အချက်များ၊ ၃၈ဖြာမင်္ဂလာ တရားတော်နှင့်အညီ ပြုမူနေထိုင်နည်းများကို ဆက်လက်သင်ကြား ခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၃၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိ (၃)ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းတက်ရောက်ကြသည့်သင်တန်းသားများအတွက် စာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် အာဟာရမုန့်နှင့် အချိုရည်များကိုလည်း တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(ပြန်/ ဆက်)