တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တန့်ယန်း မေ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အခမ်းနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးအပ်သည့် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)