ဒလ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီ အချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၂)မှကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဗိုလ်မှူးမင်းအောင်နှင့်ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းရီတို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။
မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့် အညီ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိသတ်မှတ်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်း အပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့်ကျောင်း ဝတ်စုံများကို နိုင်ငံတော်အစိုးရမှအခမဲ့ထောက်ပံ့ပေးသွားမည်ကြောင်း ရှင်းလင်းပြောကြား သည်။
ယင်းနောက် အလှူရှင်များက လှူဒါန်းထားသော ထီးများနှင့်မိုးကာများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်မှ ကျောင်း သား၊ ကျောင်းသူများအားပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးအခမ်းအနားသို့ ခရိုင်ပညာရေးမှူးဒေါ်ခင်စန်းရီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးစစ်ကြောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)