မော်လမြိုင် မေ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအလိုက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မော်လမြိုင်မြို့ အ.ထ.က(၁၀)ကျောင်း၊ အ.ထ.က(၈)ကျောင်း၊ အ.ထ.က(၆) ကျောင်းနှင့် အ.ထ.က(၉)ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ကွင်းဆင်းကြည့်ရှုရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အခြေခံပညာကျောင်းများအလိုက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆရာ၊ ဆရာမများမှ ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများနှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများနှင့် စာရေးကိရိယာ ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာပညာသင်ကြားနိုင်ရန်၊ စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်ပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေမှုရှိစေရန်နှင့် ကျောင်းကျန်းမာရေးကိစ္စများကို ဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြားကာ ပညာသစ်နှစ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)