ဒဂုံဆိပ်ကမ်း မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က(၂)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ် ခဲ့ကြပြီး Grade-8မှ ကျောင်းသူလေး မဝေလျှံလင်းက မြန်မ့ာဆောင်းဖြင့် ကောင်းခြင်းမင်္ဂလာသီချင်းဖြင့်ဖျော်ဖြေခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒဂုံမြို့သစ်ခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး(စီမံ)၊ဘဏ္ဍာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလွင်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်တို့က ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သည် စနစ်သစ်ပညာရေးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက်အလေးထားဆောင်ရွက်စေလိုကြောင်း၊ အတန်းစဥ်တိုင်း စာတတ်မြောက်စေရန်အတွက် ဆရာ၊ ဆရာမများက ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ကလေးများအဆင်ပြေစွာ ကျောင်းအပ်နှံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် အမှာစကား အသီးသီးပြောကြားခဲ့ပြီး ဆက်လက်၍ နိုင်ငံတော်မှ ချီးမြှင့်သည့် ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (လူရည်ချွန်)ဆု ရရှိသော အ.ထ.က(၁) Grade11မှ မထက်ဦးရွှေရည်အား မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ (ပြန်/ ဆက်)