ဟိုပန် မေ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီ အချိန်က ကောင်းကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့သား သမီးများကို ပညာသင်ယူစေရန်၊ ပညာတတ်မြောက်မှသာ မိမိရပ်ရွာကို အကျိုးပြုနိုင်မည်ဖြစ်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှုနှုန်းသည်လည်း ယခင်နှစ်ထက် မလျော့အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက်မိဘဆရာများနှင့်ကျောင်းအကျိုးတော်ဆောင်များက ပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားပြီး ဆရာ/ဆရာမ လိုအပ်ချက်၊ ရေလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မန်မိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ /ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုမကျန် ရှိစေရေး၊ မိမိရပ်ရွာတွင် ပညာတတ်များပေါ်ထွန်းလာစေရေးအတွက် မိမိတို့သားသမီးများကို ပညာရေး မပြီးဆုံးသေးဘဲ လယ်ယာလုပ်ငန်းခွင်တွင် ဆောင်ရွက်စေခြင်းမျိုး မပြုလုပ်ဘဲ အခြေခံပညာများကို ပြီးဆုံးသည်အထိ သင်ကြားကြစေရန်တိုက်တွန်းလိုပါကြောင်းပြောကြားပြီး ကျောင်းသူ ကျောင်းသားများကို တွေ့ဆုံအား ပေးစကားပြောကြားခဲ့ပါသည်။
ထို့မှတဖန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းသို့ရောက်ရှိပြီး ကျောင်းအပ်နှံမှုအခြေအနေကို ကြည့်ရှုခြင်း၊ ရပ်မိရပ်ဖများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုမကျန်ရှိစေရေး၊ သင်ခန်းစာများကို ကျောင်းသားကျောင်းသူများစိတ်ဝင် စားမှုရှိအောင် သင်ကြားပေးရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်