သထုံ မေ ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၂၇ ရက်၊ နံနက် ၉ နာရီခန့်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဟူသည့် ယခုနှစ်ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးအမှာစကား ပြောကြားသည်။
ယင်းနောက် မြို့နယ်ပညာရေးမှူးဒေါ်ခင်အေးမော်က လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်အရ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ အခမဲ့ပညာရေးစနစ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးမှု အခြေအနေများနှင့် သထုံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးရုံးမှတာဝန်ရှိသူတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံကို ထောက်ပံ့ပေးအပ်ရာ အခြေခံပညာကျောင်းအလိုက် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။
သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်းရှိပြီး မေလ ၂၃ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၇၉၆၂ ဦး လာရောက်ကျောင်းအပ်နှံပြီးကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နဒီ(ပြန်/ဆက်)