တာမွေ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာသန်စွမ်းသည့် ရင်သွေးငယ်လေးများအား အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ မွေးဖွားလာနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ဗညားဒလလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား သံချဆေးတိုက်ကျွေးခြင်း၊ သွေးနှင့်ဆီးစစ်ဆေးပေးခြင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါအပါအဝင် တစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သော ရောဂါများအား ရှာဖွေစစ်ဆေးပေးခြင်းနှင့် သွေးတိုးရောဂါ စစ်ဆေးပေးခြင်းစသည်ဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“ယခုလို ကျွန်မတို့ကိုယ်ဝန်ဆောင်မိခင်တွေကိုလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျန်းမာသန်စွမ်းတဲ့ မိမိတို့ရဲ့ရင်သွေးငယ်ကို ချောချောမွေ့မွေ့ မွေးဖွားလာနိုင်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ တစ်ခြားသော ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း မိမိတို့ရဲ့ ရင်သွေးငယ်လေးများ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာနိုင်ဖို့အတွက် ဒီမြို့နယ်ကျန်းမာရေးဌာနမှာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ လာရောက်ခံယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်” ဟု ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကဆိုသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)